ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီး၏ သမိုင်းအစ

သုံးလူ့ထွက်ထား သဗ္ဗညူရှင်တော်မြတ်ဘုရားသည် ဘုရား အဖြစ်သို့ မရောက်မီ ရှည်ကြာသော ကာလကပင် ရာမညက ကရဏ္ဏကတိုင်း သုဘိန္နနဂရ ဟုထင်ရှားသော ပြည်ကြီးရှိလေသည်။ ထိုပြည်တွင် မြတ်စွာဘုရားပွင့်တော်မူမီ နှစ်ပေါင်း (၅၀)လောက်ကပင် တိဿရာဇာအမည်ရှိသော ဘုရင်မင်းမြတ်သည် ထီးနန်းကနုက်ကိုကို မပျက်မပြတ် စိုးစံတော်မူရာသီရိကပ္ပာမဟာဒေဝီ မဟသီနာမံ တောင်နန်းစံမိဖုရားကြီးမှာ သားတော်နှစ်ပါးထွန်းကားတော်မူသည်။

သားတော်ကြီးမှာ ဖွားမြင်တော်မူစဉ်ကပင် လက္ခဏာဖတ် ပုရောဟိတ် ပုဏ္ဏားတော်တို့က ထိုမင်းသားသည် နူးညံ့သိမ်မွေ့ခြင်း၊ ပညာအရပ်ရပ်တို့ကို တက်မြောက်ကျွမ်းကျင်ခြင်း၊ သူတော် သူမြတ်တို့၏ အလေ့အလာ သိက္ခာတို့နှင့် ပြည့်စုံခြင်းဂုဏ်တို့နှင့် ပြည့်စုံသော သားကောင်းရတနာတစ်ဦးဖြစ်မည့် အကြောင်းကောင်းစွာ ဟောပြော နိမိတ်ဖတ်ကြသောကြောင့် ခမည်းတော် ဘုရင်ကြီးသည် အလွန်ပင် ချစ်မြတ်နိုးတော်သဖြင့် တိဿကုမာရဟု ဘွဲ့နာမံတပ်လျက် ပေးအပ်သနားတော်မူ၏ သားတော် အငယ်မှာမူ ခြင်္သေ့မင်း၏ စက်လက္ခဏာပါလျက် ဖွားမြင်တော်မူသောကြောင့် သီဟကုမာရဟု ဘွဲ့နာမံ တံဆိပ် ခတ်နှိပ်တော် မူလေသတည်း။

မင်းသားနှစ်ပါး ရသေ့လုပ်ရန် တော်ထွက်ခြင်း
တိဿကုမာရ မင်းသား သက်တော် (၂၃)နှစ်၊  သီဟကုမာရ မင်းသား သက်တော် (၂၁)နှစ် ရှိကြသောအခါ တစ်နေ့သ၌ တိဿရကုမာရ နောင်တော်ကြီးကား သမ္မာသတိဉာဏ်အကြံဖြစ်တော်မူ၍ ညီတော်သီဟကုမာရကိုခေါ်ပြီးလျှင် တိုင်ပင်တော်မူသည်မှာ နောင်တော်နှင့် ညီတော်တို့သည် ဒုလ္လဘ ငါးပါးတွင် လူ့ဘဝကို ရရန်မှာ
အလွန်ခဲယဉ်းခြင်းဖြစ်ပါလျက် ကုသိုလ်ကံ အကြောင်းကောင်းမြတ်သဖြင့် ယခုလူ့ဘဝကို ရကြပေသည်။ နောင်အနာဂတ်များစွာတို့၌လည်း ယခုထက်တိုး၍ ကောင်းကျိုးမြင့်မြဲ ဆင့်တက်ကဲလျက် မဂ်ဖိုလ်နိဗ္ဗာန်၏ အခြေပြ ရုက္ခမူလ ဧကစာရတည်းဟူသော တောတောင်ပျော်မွှေ့ ရသေ့ ရဟန်းပြုလုပ်ကြပြီးလျှင် သိက္ခာသီလနှင့် သမထ ဝီပဿနာ ဘာပနာကမ္မဋ္ဌာန်းတို့ကို ကြိုးပမ်းအားထုတ် စီးဖြန်းကြရသော် လျော်ကန်သင့်မြတ်မည်ဟု ထင်မြင်သဘောရတော်မူသည်။ အကယ်၍  တိုင်းပြည်နိုင်ငံနှင့် တကွ ထီးမွေ နန်းမွေ ခံယူလေက ယွင်းသွေတိမ်းပါးမတရားခဲ့သော် ရှည်လျားသံသရာဝန်လေးစွာသော အကြောင်းများကို မိန့်ဆိုမြွှက်ကြား ဖော်ပြတိုင်ပင်တော်မူရာ ညီတော်လည်း

နောင်ဘုရားမိန့်ကြားတော်မူသည့်အတိုင်း သဘောတူသဖြင့် ညီနောင်နှစ်ပါးတို့သည် ခမည်းတော် မယ်တော်တို့ထံ လျောက်ထားခွင့်ပန်ပြီး သုဘိန္နနဂရပြည်မှ အရှေ့တောင်အရပ်ဖြစ်သော ဂစ္ဆဂီရိတောင်စခန်းသို့ ကြွှမြန်း၍  ရသေ့ပြုလျက် နေကြကုန်၏ဤသို့ နေထိုင်ကြရာ သီလ သိက္ခာ ပြည့်စုံစွာနှင့် သမထ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းများကို အားထုတ်ပွားများ တော်မူကြသောကြောင့် လ,ရက် မရှည်မကြာမီပင် လောကီဈာန်သမာပတ်ကို ရကြကုန်၏ ထိုအခါ နောင်တော်ရသေ့ကြီးက အကြံဖြစ်တော်မူသည်မှာ "ငါတို့ညီနောင်နှစ်ဖော် အူတူတကွနေခဲ့သော် သင့်လျော်မည်မဟုတ်၊ တော်သင့်တော်ရာ တခြားစီခွဲခွာနေထိုင်မှ သင့်လျော်မည်" ဟု ညီတော်အား မိန့်ကြားလေသော် ညီတော်ကလည်း သဘေတူသဖြင့် နောင်တော် တိဿရသေ့မှာ ယခုအခါ ဇင်းကျိုက်ဟု ခေါ်ဝေါ်သော ဂစ္ဆဂီရိတောင်၌လည်းကောင်း၊ ညီတော်သီဟရသေ့မှာ ယခု ဇွဲကပင် ဗန္ဓဝဂီရိတောင်၌ လည်းကောင်း သီးခြားခွဲခွာနေထိုင်ကြလေသည်။ အကြောင်းတစ်စုံ တစ်ရာရှိခဲ့သော် မီးကိုပြရန် အမှတ်သညာထားကြကုန်၏

ထူးဆန်းသော နဂါးဥနှစ်လုံး
တိုဂစ္ဆဂီရိတောင် အနောက်ဘက် တောင်ခြေကမ်းပါးနှင့် မနီးမဝေးပင်လယ်ထဲတွင် သောင်ပတ်လည် ဝိုင်းရံလျက် ကျွန်းတစ်ကျွန်းရှိလေ၏ ထိုကျွန်း၌ သစ်ပင် ပန်းမာလ်တို့သည် ရာသီအလိုက်ဖူးပွင့် ကြပြီး အေးချမ်းငြိမ်သက်သော အရိပ်အာဝါသနှင့် နေချင့်စဖွယ် သာယာလှသောကြောင့် ရေသတ္တဝါ အဟိတ်သား နဂါးမသည် ထိုကျွန်းသို့လာရောက်ပျော်မွေ့လေ့ရှိရာ တစ်ခါတစ်ရံ ဂစ္ဆဂီရိ တောင်ခြေကမ်းပါးသို့ လှည့်လည်ကာ သွားလာတက်လေ၏ လူ့သဏ္ဍာန်ဖြင့် ကြန်အင်ရူပါလှပတင့်တယ်စွာ ဖန်ဆင်းကာ နေထိုင်လေ့ရှိသည်။ ထိုအချိန်တွင် ဟိမဝန္တာ၌ နေသော ဝီဇ္ဇဓိုရ်လုလင်သည် ထိုဂစ္ဆဂီရိတောင်သို့ အဆက်မပြတ် လှည့်ပတ်သွားလာနေထိုင်လေံရှိရာ၊ အခါတစ်ပါး၌ နဂါးမနှင့် တွေ့ဆုံရာတွင် မေတ္တာယိုဖိတ် ရာဂစိတ်စောသဖြင့် ကိုယ်လက်နှီးနှောမိလေရာ နဂါးမ၌ မဋိသန္ဓေ တည်နေစွဲကပ်လေ၏ နဂါးမသည် မဋိသန္ဓေ ရင့်မာသည့်တိုင်အောင် စောင့်လင့် ဆိုင်းငံ့ပြီးမှ ဥကို ချချိန်ကျသဖြင့် ထိုကျွန်းမှာပင် ဥနှစ်လုံးကို ချထား စွန့်ပစ်ခဲ့ပြီး နဂါးပြည်သို့ ပြန်သွားလေ၏ ထိုသို့ နဂါးမ ပြန်သွားပြီးနောက် မကြာမီ တိဿရှင်ရသေ့သည် ပင်လယ်ကမ်းပါးသို့ ခြေညောင်းလက်ဆန့်သွားလာရာတွင် ဥနှစ်လုံးကို မြင်ရလေသော် ထူးဆန်းသော ဥများဖြစ်မည်ဟု ယူဆ၍ ဥနှစ်လုံးကို ယူဖောင်ပြန်လေရာ ညီတော် သီဟရသေ့ကို မီးရှုးပြခေါ်ပြီး ညီတော်ရောက်လာလျှင် မိမိတွင် ဥတစ်လုံး၊ ညီတော်အား ဥတစ်လုံး အသီးသီးခွဲေ၀ ယူလိုက်ကြလေ၏။ သက္ကရာဇ် ၈၉-ခု မြောက်တွင် ညီတော် သိမ်းထားသည့် ဥမှ လူယောကျ်ားတစ်ဦး ဖွားမြင်၍  နောင်တော်၏ဥမှလည်း ညီတောင်၏ ဥဖွားချိန်ထက် တစ်နာရီခန့်စော၍ လူယောကျ်ားငယ်တစ်ဦးကို အသီးသီးဖွားမြင်လေ၏။

နဂါးဥမှ ပေါက်ဖွားခဲ့သော ကလေးနှစ်ဦးသည် မိခင်မရှိသော်လည်း ရသေ့နှစ်ပါး၏ သီလ, သမာဓိဂုဏ်ဖြင့် အဓိဋ္ဌာန်ပြုခြင်းကြောင့် လက်ညှိုးမှထွက်လာသော နို့ရည်များကို သောက်စို့ရသဖြင့် တဖြည်းဖြည်း ကြီးပြင်းလာကြလေသည်။ သူငယ်နှစ်ယောက် (၁၀)နှစ်အရွှယ်သို့ ရောက်သောအခါ ညီတော်ရသေ့ မွေးမြူထားသော ကလေးသည် ကျောက်ရောဂါစွဲကပ်၍ သေဆုံးသွားပြီး မိထိလာပြည်၌ အတုလသူဋ္ဌေး သုမနဝမ်းထဲ၌ မဋိသန္ဓေ  စွဲနေပြန်သော် ဘိုးတော် အဉ္စနမင်းကြီးသည် သက္ကရာဇ် ၈၆၄၅ ကို ဖြိုပြီးနောက် ၁၀၀ ပြည့်မြောက်သောနှစ်၌ ဖွားဖြင်ပြန်သည်။

ဂဝံပတိ ရဟန္တာ ဖြစ်လားခြင်း
ထိုသူငယ် (၈)နှစ်အရွှယ်သို့ ရောက်လေလျှင် သဗ္ဗညု မြတ်စွာဘုရားသည် သက္ကရာဇ် ၁၀၃-ခုနှစ်၌ ပွင့်တော်မူပြီး (၅) ဝါမြောက်တွင် မိထိလာပြည်သို့ ဒေသစာရီကြွှချီတော်မူလာသည်။ ထိုအခါ ပြည်သူပြည်သားအများတို့အား တရားရေအေး တိုက်ကျွေးလျက် ကယ်ချွတ်တော်မူရာ၊ ထိုသူငယ်သည် မြတ်စွာဘုရားထံ ဆည်းကပ်ခစား၍ တရားထူး တရားမြတ်နာကြားရသဖြင့် ရှေးဘဝပါရမီ အဟုတ်ကြောင့် မကြာမီပင် ဂဝံပတိ သာမဏေဖြစ်လာပြီး "ဂဝံပတိ ရဟန္တာ"ဟု ထင်ရှားစွာ ဖြစ်လာ၏

တိဿာဓမ္မသီဟရာဇာမင်း ထီးနန်းစိုးစံဖြင်း
သက္ကရာဇ် ၁၁၀ပြည့်နှစ်တွင် သုဘီန္နနဂရပြည်ကြီးရှင် တိဿမင်းကြီးသည် နတ်ရွှာစံတော်မူရာ မှူးမတ် သေနာပတိတို့က ထီးနန်းအရိုက်အရာခံမည်သူမရှိသဖြင့် ရသေ့ညီနောင်နှစ်ပါးထံ အမြန်သွားရောက်ပြီး တိုင်ပင်နှီးနှော ကြလေ၏။ မှူးမတ်များက " ယခုအခါတွင် အရှင်မြတ်တို့ ခမည်းတော် မင်းတရားကြီးသည် လူ့ပြည်ညောင်း၍  နတ်ရွှာသို့ ပြောင်းရွေ့စံတော်မူခဲ့ပြီး ကျန်ရစ်သည့် ထီးနန်းအမွေအနှစ်ကို အရှင်မြတ်တို့မှ တစ်ပါး အခြားဆက်ခံ စိုးစံထိုက်သူမရှိပါ။ ထိုကြောင့် တိုင်းနဂရသို့ မြန်းထွက်၍  ထီးနန်းအမွေကို ဆက်ခံ စိုးစံတော်မူပါမည့်အကြာင်း " လျှောက်ထားတောင်းပန်ကြကုန်၏။

နောင်တော်ရသေ့ကြီးက "ငါတို့ ညီနောင်နှစ်ပါးသည် တရားဓမ္မနှင့် မွေ့လျော်လို၍  အလေ့ဝသီ လောကီရိပ်ငြိမ်စည်းစိမ်ချမ်းသာ ညွန်တဏှာကို လွန်စွာစက်ဆုပ်ခြင်းကြောင့် ထီးနန်းအမွေအနှစ်ကို မခစားလိုဘဲ စွန့်ခွာပစ်ခဲ့ပြီး ဖြစ်လေသည်။ သို့ရာတွင် ငါတို့၏ ကိုယ်စား ကိတ္တိမသား နဂါးဥမှ မွေးသော ယောကျ်ားမြတ်ကို ထီးနန်းပေးအပ်လိုသည်။ မှူးမတ်အများတို့က သဘောတူညီကြမည်လော့" ဟု မိန့်တေ်ာမူ၏။
ယင်းသို့ မိန့်တော်မူသောအခါ မှူးမတ် သေနာပတိတို့က ခမည်းတော် ရွှေနန်းရှင် ဘုရင်မင်းမြတ်၏ ထီးနန်းတိုင်းပြည်၏အမွေကို ခံစားမည့် သားတော်များမှာ အရှင်မြတ်ညီနှောင်နှစ်ပါးသာဖြစ်သော်လည်း အရှင်မြတ်တို့ကိုယ်စား ကိတ္တိမသားကို ခန့်ထားပေးအပ်မည်ဆိုလျှင် မပယ်မလှန် မငြင်းဆန်လိုဘဲ သဘောတူညီပါကြောင်း လျှောက်ထားကြပြီးနောက် နေ့ရက် မကြာမီ သုဘိန္နနဂရပြည် ထီးနန်းဟောင်းကို ပြန်လည်ပြုပြင်၍  နဂါးမရင်နှစ် တိဿရှင်ရသေ့၏ ကိတ္တိမသားဖြစ်သော အသက် ၂၀ နှစ်ရှိ သူငယ်ကို ပွဲကြီးသဘင် ဆင်ယင်ကျင်းပ၍ ထီးနန်းအပ်နှင်းကြကုန်၏။ ထိုမင်းသား၏ဘွဲ့တော်မှာ ရသေံညီနောင်နှစ်ပါးတို့၏ ဘွဲ့တော်နှစ်ခုပေါင်းစပ်၍  တိဿဓမ္မရာဇာဟု ဘွဲ့နာမံတံဆိပ်ခတ်နှိပ်တော်မူကြ၏။ တိုင်းပြည်၏အမည်ကိုလည်း အလယ်ချက်၌ ရွှေထွက်သော ချောင်းရှိသဖြင့် သူဝဏ္ဏဘုမ္မိဟု ခေါ်ဆို သမုတ်ကြလေ၏။

ဂဝံပတိရဟန္တာ သုဝဏ္ဏဘုမ္မိသို့ ကြွလာခြင်း
     ဂဝံပတိရဟန္တာသည် အတိတ်ဘဝဟောင်းက နောင်တော် ဖြစ်ဖူးသူမှာ သုဝဏ္ဏဘုမ္မိပြည်တွင် မင်းအဖြစ်သို့ရောက်နေကြောင်းသိတော်မူလေလျှင် တွေ့မြင်လိုသောဆန္ဒပြင်းပြ၍ မြတ်စွာဘုရားထံခွင့်ပန်ပြီး သက္ကရာဇ် ၁၁၀ ပြည့်နှစ်တွင်ပင် ကောင်းကင်ခရီးဖြင့် ဈာန်ယာဉ်စီးကာ သုဝဏ္ဏဘုမ္မိပြည်သို့ ရောက်တော်မူလာသည်။ ထိုအခါ တိဿဓမ္မသိဟရာဇာမင်းက ဂဝံပတိရဟန္တာအရှင်မြတ်ကို မည်သည့်အမျိုးအနွယ်မှ မည်သူဖြစ်ကြောင်း မေးမြန်းရာ အတိတ်ဘဝဟောင်းက အကြောင်းဆုံဆည်း၍ မင်းကြီးနှင့် ညီရင်းအစ်ကိုကော်ဖူးကြောင်း၊ ငါကားညီ၊ ဒကာတော်မင်းကြီးက အစ်ကိုတော် ဖြစ်ကြောင်း၊ ယခု ပစ္စက္ခဘဝမှာ သမ္မာသမ္ဗဒ္ဓ သုံးလောကထွက်တင် မြတ်စွာဘုရားနှင့် တွေ့ရပြီး၊ တရားထူးတရားမြတ်ကို နာကြားရသဖြင့် ဂဝံပတိ ရဟန္တာဖြစ်လာကြောင်းကို အကြောင်းဥဿုံ အလုံးစုံဖြင့် ဖြစ်ပျက်သမျှကို ပြန်ပြောင်း မိန့်ကြားတော်မူ၏။

    ထိုအခါ တိဿဓမ္မသီဟရာဇာ မင်းကြီးသည် အလွန်တရာအံ့သြဝမ်းမြောက်ခြင်းဖြစ်၍ ဤသို့ မှန်လျှင် အရှင်မြတ်သည်လူတို့၏ အထွက်အထိပ်ဖြစ်တော့မည်ဟုလျှောက်ထားလေရာ ဂဝံပတိရဟန္တာက "ငါသည် လူတို့၏ အထွက်အထိပ်မဟုတ်သေး၊ လူ့ပြည်နတ်ရပ် မနှိုင်းအပ် အနှိုင်းရာ ဘဂဝါရှင်စော သုံးလောက ဓမ္မရာဇ်သခင်သင်းကျစ်သရဖူဖြစ်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်သည် အထွတ်အထိပ်၊ အရဟံအစ ဘဂဝါအဆုံးရှိသော ကိုးပါးသော ဂုဏ်တို့နှင့် ပြည့်စုံတော်မူးကြောင်း၊ ရာဇဂြိုဟ်ပြည်၌ ဝေနေယျသတ္တဝါအများတို့အား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးလျက်ရှိနေကြောင်းတို့ကို မြွတ်ဟဟောကြားတော်မူလေလျှင် မင်းကြီးနှင့်တကွ မှူးမတ် သူဌေးသူကြွယ် ပြည်သူပြည်သားများတို့မှာ ဖရဏာပိတိ ဂွမ်းဆီထိသည့်ပမာ ပိတိသောမနဿ သဒ္ဓါဟုန်ကြွ၍  သရဏဂုံ ပဉ္စသီလကို ခံယူကြပြီးလျှင်၊ အထပ်ထပ်သော စေတနာများ နှိုးဆော်သည်ဖြစ်၍  "အရှင်မြတ်ဘုရား၊ သုံးလောကသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို တပည့်တော်တို့သည် ကြည်ညိုသဒ္ဓါ ကုသိုလ်တရားများပွားများနိုင်စေရန်အလို့ငှာ တွေ့မြင်ဖူးမြော်လိုပါသည်။ အမြန်မကြာ ဖူးတွေ့ကြုံအောင်ပင့်ဖိတ် ပေးတော်မူပါ ဘုရား" ဟုဝပ်တွားခယ အသနားခံကြကုန်၏။
ဂဝံပတိ ရဟန္တာမြတ်လည်း ကောင်းပြီဟု ဝန်ခံတော်မူ၍  ရာဇဂြိုဟ်ပြည်သို့ ပြန်ကြွသွားလေသည်။

မြတ်စွာဘုရား သုဝဏ္ဏဘုမ္မိသို့ ဒေသစာရီကြွတော်မူခြင်း
     ဂဝံပတိ ရဟန္တာသည် ရာဇဂြိုဟ်ပြည်သို့ ရောက်စဉ်က သုဝဏ္ဏဘုမ္မိပြည့်ရှင် တိဿဓမ္မသီဟရာဇာမင်းကြီးနှင့်တကွ မှူးမတ်ပြည်သူအများတို့၏ လျှောက်ထားတောင်းပန်ချက်အရ သုဝဏ္ဏ ဘုမ္မိပြည်သို့ ဒေသစာရီ မြန်းချီကြွရောက်ပါမည့်အကြောင်း ခညောင်းဝပ်လျှိုး ရှိခိုးလျှောက်ထားလေလျှင် သုံးလောက သခင် ဘုရားရှင်က ဉာဏ စက္ခု သဗ္ဗညုရွှေဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူပြန်ရာ သုဝဏ္ဏဘုမိပြည်နှင့် ယောနကတိုင်းသားဂလပြည်များမှာ ဘုရားသာသနာတေ်ာ ပေါ်ထွန်းပွင့်လင်းမြည့်အကြောင်းကို မြင်တော်မူ၍ ဒေသစာရီကြွချီတော်မူမည့်အကြောင်း ခွန်းဟမိန့်ခြွေတော်မူ၏။ ထို့ကြောင့် သက္ကရာဇ် ၁၁၁ ခုနှစ်၊ ဟေမန္တဥတု၊ တန်ဆောင်မုန်းလအတွင်း ရဟန္တာပေါင်း (၅၀၀) နှင့်တကွ ဒေသစာရီကြွချီတော်မူလာရာ ယောနကတိုင်း ကြင်မိုင်းမြို့ သို့ ရောက်ရှိလေ၏။
       ကြင်မိုင်းမင်းတွင် တောင်နန်းစံနှင့် မြောက်နန်းစံမိဖုရားနှစ်ပါးရှိရာ တောင်နန်းစံမိဖုရားမှ သားတော် တစ်ကျိပ်၊ မြောက်နန်းစံ မိဖုရားမှ သားတော်တစ်ကျိပ် ပေါင်းနှစ်ကျိပ်ရှိလေ၏။ ထိုမင်းသားညီနောင် နှစ်ကျိပ်တွင် အကြီးဆုံးမင်းသားသည် မြတ်စွာဘုရားအား ရှေးဦးစွာပင် ဖူးတွေ့ကြုံရ၏။ ထိုစဉ် သုံးလောကသခင် သဗ္ဗညုရှင်တော်ဘုရားဖြစ် ကြောင်းကို သိရသော် ကြည်ညိုသဒ္ဓါများ ပွားများလာပြီး နောင်အစဉ်မပြတ် ရည်မှတ်ကိုးကွယ်နိုင်ရန် ကိုယ်တော်စားအဖြစ် တစ်စုံတစ်ရာ ပေးသနားတော် မူပါမည့်အကြောင်း တောင်းပန်းလျှောက်ထားသည်တွင် ဘုရားရှင်က တွေးဆတစ်ဖန် ရွှေဉာဏ်တော် စက္ခုဖြင့် မျှော်ရှုထောက်ထားပြီး ဆံတေ်ာတစ်ဆူကို ပေးသနားတေ်ာမူ၏။ ကျန်သော မင်းသားတစ်ကျိပ်ကိုးပါးနှင့် ကပ္ပိန္နရသေ့တို့ကလည်း ဘုရားရှင်ထံဆည်းကပ်ခိုဝင်ပြီးလျှင် နောင်တော်ကြီး နည်းတူဆံတော်ဆစ်ဆူကျစီ ရလိုကြောင်း ခညောင်းဝမ်တွားလျှောက်ထားကြရာတွင် မြတ်စွာဘုရားက ရွှေကြိုတ်တစ်ခုစီပြုလုပ်၍ ရှေ့တော်မှောက်ရောက်ကြပြန်ရာ ရသေ့ကြီးနှင့်တကွ မင်းသားတစ်ကျိပ် ကိုးယောက်တို့သည် ဘုရားရှင်ထံမှ ဆံတော်တစ်ဆူစီကို ပေးသနားခြင်းခံရလေ၏။ ထို့နောက်ဘုရားရှင်သည် ကျိုက္ခမီမြို့နှင့် သုံးတိုင်ကွာ တောင်ပိုင်းတောင်သို့လည်းကောင်း၊ တစ်ဖန်ကောင်းမြတ်ဆန်းကြယ် တင့်တယ်စွာရှိသော ယခု ရေလယ်ဘုရားကြီး တည်ထားသည့် ကျောက်တောင်ပေါ်သို့လည်းကောင်း ကြွရောက်နေသန့်တော်မူပြီးမှ သုဝဏ္ဏဘုမ္မိသထုံပြည်သို့ ကြွသွားတော်မူလေသည်။

*သမိုင်းသုတေသီများက မုတ္တမ (၃၂)မြို့ အပါအဝင် ကျိုင်းမြို့ဟု ယူပါသည်။ ယင်းမြို့သည် ယခု ပေါင်မြို့နှင့် မြဝတီမြို့တို့၏ တစ်နေရာတွင် ရှိလေသည်။*

*ဂဝံပတိကျမ်း (မွန်ဘာသာ)အဆိုအရ မြတ်စွာဘုရားသခင်သည် ယိုးဒယား၊ သောက္ကတဲ၊ ဒွါရဝဘီနိုင်ငံများမှ တစ်ဆင့် ထားဝယ်၊ ရေး၊ လမိုင်းမြို့များမှ နောက်တော်ပါ ရဟန္တာ (၅၀၀)နှင့်တကွ ကြွချီတော်မူလာရာ စက်စဲ ကမ်းခြေသို့ ရောက်၍ ပင်လယ်ဘက်မျက်နှာမူလျက် ဘုရားရှင်နှင့် ရဟန္တာများအနီးသို့ရောက်လျှင် ဦးညွတ်ပြီး ပင်လယ်ထဲသို့ ပြန်၍ဆင်းသွားသည်ကို အံ့ဖွယ်သရဲ မြင်တွေ့ရသော ရွှာသူရွှာသားများသည် "ကျိုက်အစော" (အံ့သြဖွယ်ကောင်းသာ ဘုရား) ဟု မြည်တမ်းပြောဆိုကြလေသည်။ ထိုမှ ဝါဂရုသို့လည်းကောင်း၊ တဖန် ကျိုက္ခမီတောင်စွယ်တစ်နေရာသို့လည်းကောင်း၊ ကြွမြန်းမာ နေ့သန့်စင်တော်မူလေသည်။ စက်စဲတွင် ဆံတော်တစ်ဆူ၊ ဝါဂရုတွင် ဆံတော်နှစ်ဆူ ပေးသနားသွားကြောင်း ဖော်ပြပါရှိသည်။*

စေတီတည်၍ ဆံတော်များကို ဌာပနာခြင်း
ကြင်မိုင်းမင်း၏ သားတော် နှစ်ကျိပ်တို့သည် မိမိတို့ ကိုယ်စီကိုယ်ငှ ရရှိခဲ့ကြသော ဆံတော်မြတ်တို့ကို အစဉ်အဆက် ကိုးကွယ်ရန် စိတ်ဆန္ဒရှိသည့်အတိုင်း စေတီတစ်ဆူတည်၍ ဌာပနာနိုင်ရန် နေရာကောင်း နေရာမြတ်တို့ကို ရှာဖွေကြသောအခါ ယခုရေလယ်ဘုရားကြီးတည်ရာ ကျောက်ဆောင်၌ သန့်ရှင်းစင်ကြယ်
ထူးဆန်းတင့်တယ်သော ဂူကိုတွေ့မြင်ကြရကုန်၏။ ထိုအခါ ကပ္ပိန္နရသေ့ကြီးနှင့်တကွ မင်းသားနှစ်ကျိပ်တို့သည် အထူးထူးသော ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလျက် အမွှေးအကြေိုင်နံ့သာ ဆီမီးတို့ဖြင့် တစ်လပတ်လုံး ပူဇော် လှူဒါန်းကြပြီးမှ မိမိတို့ရရှိကိုးကွယ်ကြသော ဆံတော် (၁၁)ဆူတို့ကို ဌာပနာရန် ရွှေကြုတ် (၁၁)လုံးနှင့် အောက်ခံကလာပ် (၁၁)ချပ်တို့ကို ထပ်မံ ပြုလုပ်ကြ၏။ ကလာပ်၏ ပမာဏမှာ အမြင့် (၁၆)လက်သစ်၊ အကျယ် (၁၆)လက်သစ်၊ ရွှေကြုတ်၏ ပမာဏမှာ အမြင့် (၂၁)လက်သစ်၊ အကျယ် (၁၄)လက်သစ် ဖြစ်ပြီးအဖိုးမဖြစ်နိုင်သော ရွှေ၊ စိန်၊ ပတ္တမြား၊ မြ၊ နီလာ၊ ကျောက်စိမ်း အမျိုးမျိုးရတနာတို့ဖြင့် အဆန်းတကြယ် ပြုလုပ်စီရင်ထားကြကုန်၏။

ထိုသို့များပြားလှစွာသော ရတနာအမျိုးမျိုးတို့နှင့်တကွ အဖိုးတစ်သိန်းထိုက်သော ကောတုမ္ဗရာဇ်တိုင်းဖြစ်အဝတ်ပုဆိုးများပေါ်တွင် အဖိုးတစ်သိန်းထိုက်သော စန္ဒကူးမှုန့်တို့ကို ဖြန့်ခင်းလျက် ပထမရွှေကြုတ်ငယ်များကို နောက်ထပ်ပြုလုပ်သော ရွှေကြုတ်ကြီးများအတွင်း ထည့်ပြီးလျှင် ဝူထဲ၌ ဌာပနာကြလေ၏။ ထိုမှတစ်ပါး (၄)လက်မခန့်ရှိသော စိန်နှင့်  ပတ္တမြားကို မြတ်စွာဘုရားသဏ္ဍာန်တော်နှစ်ဆူထုလုပ်၍လည်းကောင်း၊ ရသေ့ကြီးနှင့်တကွ မင်းသားနှစ်ကျိပ်တို့သည် စိန်ပန်း၊ ငွေပန်းများနှင့် ပူဇော်ကန်တော့ဟန်

ပုံသဏ္ဍာန်များကို ရွှေသားဖြင့် သွန်းလုပ်၍လည်းကောင်း ဌာပနာကြပြန်သည်။ ထို့နောက် ဂူ၏ အပေါ်၌ ဖိနပ်တော် (၁၅)တောင်၊ အမြင့် (၁၈)တောင်ရှိသော စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်ကြပြီး၊ ဆံတော် (၁၁)ဆူတို့ကို ဌာပနာထားသည်ကို အစွဲပြု၍ "ဧကာဒသစေတီတော်" ဟု ဘွဲ့တော်တံဆိပ် ခတ်နှိပ်ကြကုန်၏။ ကျန်ဆယ်ဆူသော ဆံတော်များ ဌာပနာ၍ စေတီတော်တည်ရာ အရပ်ကို ရှာဖွေကြပြန်ရာ ယခုမော်လမြိုင်မြို့အထက် မြစ်မကြီး နှစ်ထွေခွဲအကွာတောင်တန်းကြီးပေါ်တွင် ကောင်းစွာ ရှင်းလင်း ခင်းကျင်း လှူဒါန်းသဘင်တို့ဖြင့် ယခင်ဆံတော်မြတ် (၁၀)ဆူကို ဌာပနာ၍ ယခင်စေတီနှင့် လုံးပတ်အကျယ်အဝန်း အမြင့် ပမာဏတူမျှစွာ တည်၍ ဒဿမ    စေတီတော်ဟု မှည့်ခေါ်ဝေါ်ကြသည်။

ထို့နောက် ကာလရွေ့လျော၍ "ဓမ္မဿ စေတီတော်" ဟု ခေါ်ဝေါ်ကြသည်။
ထိုစေတီကို တည်ထားရာတွင် ပြုဖွယ်ကိစ္စဟုသမျှတို့သည် သက္ကရာဇ် ၁၁၇-ခုနှစ်အတွင်း ပြီးမြောက်အောင်မြင်ခြင်းသို့ ရောက်တော်မူလေသတည်း။

သီဟိုကျွန်းမှ ရုပ်ပွားတော်တစ်ဆူ ရေထဲမျောပါရောက်ရှိတော်မူခြင်း
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် သက္ကရာဇ် ၂၃၇-ခုနှစ်သို့ ရောက်သောအခါ သီဟိုဠ်ကျွန်းကို အုပ်စိုးမင်းလုပ်တော်မူသော ဒေဝါနံ ပိယတိဿ     မင်းကြီး (သီရိဓမ္မာသောကမင်း)သည် သမာဓိဉာဏ်အကြံဖြင့် အကြံတော်ဖြစ်တော်မူ၍ သားတေ်ာရင်နှစ် ရဟန္တာဖြစ်တော်မူသော မဟိန္ဒထေရ်အား လျှောက်ထားသည်မှာ "ဘုရားရှင်၏ ဆံတော်မြတ်မှစ၍ သရီရဓါတ်တော်တို့ တည်နေကိန်းအောင်းတော်မူသော အရပ်ဒေသများ၌ မြတ်စွာဘုရား၏ သဏ္ဍာန်တော်ကို တစ်ရံတစ်ဆစ်မျှ မမြင်မဖူးကြရသောကြောင့် မည်ကဲ့သို့ သဒ္ဓါတရားပွား၍ ကြည်ညိုကြရမည်ကို မသိနိုင်ဘဲ ရှိကြပါလိမ့်မည်။ ဤသို့ ဘုရားရှင်၏ သဏ္ဍာန်တေ်ာကို မဖူးမမြင်ရသဖြင့် လူသတ္တဝါများနစ်နာရမည့်အရေးကို ထောက်ရှု့ပြီး မြတ်စွာဘုရား၏ သဏ္ဍာန်တော် ထုလုပ်ပြီးလျှင် အရှင်ဘုရားတို့၏ တန်ခိုးတော်ဖြင့် ထိုထိုသော အရပ်ဒေသသို့ ကြွရောက်သော် ဘုရားရှင်ကိုယ်တော်တိုင်ကို ဖူးမြင်ရသကဲ့သို့ သဒ္ဓါတရား ပြန့်ပွားပါလိမ့်မည်။

သို့ဖြစ်သောကြောင့် ရုပ်ပွားတော်များ ထုလုပ်ရန် ဒကာတော် တာဝန်ခံမည်ဖြစ်၍ အရှင်မြတ်များက သာသနာတော်တည်ရာ မြန်မာပြည်သို့ ရုပ်ပွားတော်များ ကြွရောက်တော်မူအောင် ဆောင်ရွက်တော်မူပါမည့်အကြောင်း" လျှောက်ထားတောင်းပန်ပေးလေရာ၊ မင်းကြီးသည် ဂွမ်းဆီထိသည့်ပမာ ဝမ်းမြောက်ကြည်နူးခြင်းဖြစ်၍ နန်းတော်သို့ ပြန်သွားလေ၏။
ထိုခဏ၌ တာဝတိံသာပြည်ရှင် သိကြားမင်းသည် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၏ တင်းမာမူလောင်မူကြောင့် လူ့ပြည်သို့ ရူကြည့်လေလျှင် ဒေဝါနံ ပိယတိဿ     မင်းကြီးသည် ဘုရားသခင်၏ ကိုယ်စား ရုပ်ပွားတော်များအလိုရှိသည့် အကြောင်းကို သိမြင်တော်မူ၍ ဉာဏ်တော်တစ်တောင်နှင့် လက် ဆယ့်နှစ်သစ်ခန့်ရှိ ရုပ်ပွားတော် လေးဆူကို ဌာပနာပြီးမှ ရုပ်ပွားတော်များကို ဒေဝါနံပိယတိဿမင်းကြီး၏ ရာဇပလ္လင်ပေါ်တွင် တင်ထားလေ၏။

ထိုညလွန်မြောက်၍ မိုးသောက်သောအခါ မင်းကြီးသည် ရုပ်ပွားတော်လေးဆူကို ဖူးမြင်ရလေလျှင် ပီတိသောမနဿအရှိန်ဖြင့် ဝမ်းမြောက်လှသောကြောင့် ရဟန္တာကိုယ်တော်မြတ်များကို လျှောက်ထားပင့်ဖိတ်၍ အလှူကြီး ပေးပြီးလျှင် တစ်ပက္ခ (တစ်ဆယ့်ငါးရက်) ပတ်လုံး အထူးထူးသော ပူဇော်ခြင်းတို့ဖြင့် ရုပ်ပွားတော်များကို ပူဇော်ကြလေ၏။ ဥပတိဿ ရဟန္တာအရှင်မြတ်သည် ရုပ်ပွားတော်လေးဆူအနက် နှစ်ဆူကို သင်္ကန်းတုံး နှစ်တုံးပေါ်တွင်လည်းကောင်း၊ တစ်ဆူကို ကျွန်းတုံးပေါ်တွင်လည်းကောင်း၊ ကျန်တစ်ဆူကို ကျောက်လှည်းဘီးပေါ်တွင်လည်းကောင်း တင်ပြီးလျှင် ဇမ္ဗူကောလ သင်္ဘောဆိပ်မှ "သိရိရဓာတ် ဆံတော်မြတ်တို့ ကိန်းဝပ်စံပယ်တော်မူလိုသော အရပ်တို့၌ တည်ပါစေသတည်း"ဟု အဓိဋ္ဌာန်ပြုပြီး ပင်လယ်ပြင်သို့ မျှောလိုက်လေ၏။
ကျွန်းတုံးနှင့် မျှောလိုက်သော ရုပ်ပွားတော်တစ်ဆူမှာ (ပုသိမ်) နှင့် (ရခိုင်ပြည်နယ်)သို့ ရောက်ရှိသည်ဟု ဒွိဟများရှိနေပါသည်။ သို့သော် ရခိုင်ပြည်နယ်သို့ ရောက်ရှိကြောင်း ကိုးကားကျမ်းများ မတွေ့ရှိပါ။ ပုသိမ်ဘက်သို့ ရောက်ကြောင်းသာ တွေ့ရှိပါသည်။

သို့ဖြစ်ပါ၍ ကျွန်းတုံးနှင့် မျှောလိုက်သော ရုပ်ပွားတော်တစ်ဆူသည် ပုသိမ်မြို့၏တောင်ဘက် မိုင်(၆၀)ခန့်အကွာ ငပုတောမြို့နယ်အစွန်း ပင်လယ်ကမ်းခြေ တံငါရွာကလေးဖြစ်သော ဘုန်းတော်ပြည့်ရွာ၏ တစ်ဘက်ကမ်း ယခုအခါ ရေမြုပ်နေပြီးဖြစ်သော ကျောက်ကလပ်ကြီး အနီးသို့ ဆိုက်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ပုသိမ်မြို့
ရွှေမုဋ္ဌောစေတီတော် တောင်ဘက် အာရုံခံတွင် "သီဟိုဠ်ရှင် ဘုန်းတော်ပြည့်" (ရုပ်ပွားတော်ဟူ၍လည်းကောင်း)။
ကျောက်လှည်းဘီးနှင့် မျှောလိုက်သော ရုပ်ပွားတော်တစ်ဆူမှာ ကျိုက်ထိုမြို့သို့ ဆိုရောက်ခဲ့ပြီး "မှဲ့ရှင်တော် ကျိုက်ပေါလော ရုပ်ပွားတော်"ဟူ၍လည်းကောင်း။

သင်္ကန်းတုံးဖြင့် မျှောလိုက်သော ရုပ်ပွားတော်တစ်ဆူမှာ ထားဝယ်မြို့သို့ ဆိုက်ရောက်ခဲ့ပြီး "ရှင်မဋ္ဌီး" ရုပ်ပွားတော်ဟူ၍လည်းကောင်း။

အခြား သင်္ကန်းတုံးတစ်တုံးဖြင့် မျှောလိုက်သော ရုပ်ပွားတော်မှာ ယခုကျိုက္ခမီမြို့ ရေလယ်ကျောက်ဆောင်နှင့် မနီးမဝေး အလံ(၅၀)တွင် လည်းကောင်း ရပ်တန့်တည်နေတော်မူ၏။

ကျိုက္ခမီမြို့ ရေလယ်ကျောက်ဆောင်နှင့် မနီးမဝေးတွင် ရပ်တန့်နေသော ရုပ်ပွားတော်ကို ထိုမြို့သူမြို့သားများ ဖူးမြင်တွေ့ကြသောအခါ လှေနှင့်ကူးပြီး သင်္ကန်းတုံးကို ကြိုးတပ်လျက် ရုပ်ပွားတော်မြတ်ကို ကုန်းတေ်ာပေါ်သို့ ဝိုင်းဝန်းဆွဲတင်ကြပါသော်လည်း မလှုပ်မရှား မကြွမပါတော်မူဘဲ တည်မြဲတိုင်း နေရာ၌သာ တည်နေတော်မူရာ ကျိုက္ခမီမြို့တွင် အကျင့်သီလ သမာဓိနှင့် ပြည့်စုံသော မုဆိုးမတစ်ဦးသည် ချည်ခင်မှ ချည်ပင်နှင့် ပင်္ကန်းတုံးကို ရစ်ပတ်ပြီး

"ဘုရားတပည့်တော်မသည် မှတ်မိသောအရွယ် ငယ်စဉ်ကပင် ယနေ့ထက်တိုင် ငါးပါးသီလ၌ ကျူးလွန်ပျက်ကွက်ခြင်း မရှိပါ၊ ထိုသစ္စာမှန်က ဘုရားကိုယ်တော်မြတ်သည် ကြွလာတော်မူပါစေသတည်း"ဟု

အဓိဋ္ဌာန်ပြု၍ ချည်ပင်ကို ကိုင်လိုက်သည်နှင့် ဝတ်ကျောင်းတော်ကြီးသည် တည်ဆောက်ထားသော နေရာအနီး ကျောက်ဆောင်ပေါ်သို့ သာသနာတော်သက္ကရာဇ် ၂၃၇-ခုနှစ်၊ နတ်တော်လပြည့်နေ၌ ကြွရောက်စံမြန်းတော်မူလေသည်။ ကျောက်ဆောင်ပေါ်သို့ ရောက်ရှိလာသော ရုပ်ပွားတော် မြတ်ကို ကြင်မိုင်းမင်း၏ သားများဖြစ်ကြသော မွန်မင်းသားများ တည်ထားသော ဧကဒသစေတီတော်၏
အရှေ့မုခ်ထဲတွင် ပင့်၍ထားလေလျှင် တောင်အရပ် ပင်လယ်ဘက်သို့ မျက်နှာတော်လှည့်၍ စံနေတေ်ာမူ၏။ တစ်ဖန် အရှေ့ဘက်သို့ မျက်နှာတော် လှည့်၍ထားပြန်သော် တောင်ဘက်သို့ပင် မျက်နှာတော်မူလျက် ရှိပြန်၏။ ထိုနောက် တောင်ဘက်မုခ်ထဲ၌ ပင့်ဆောင်၍ ထားမှသာ မျက်နှာတော်ကို ဖူးမြင်ကြရလေကုန်၏။

ဂန္ဓကုဋိတိုက်ဟောင်း မီးခ,ခံရခြင်း



သက္ကရာဇ် ၂၃၇ ခုနှစ်၌ ပင်လယ်မှ မျောပါလာသည့် ရုပ်ပွားတော်မြတ်သည် ကျောက်ဆောင်ပေါ်ရှိ ဧကဒသ
စေတီတော် တောင်ဘက်မုခ်ဝ၌ စံပယ်တော်မူခဲ့ရာ နှစ်ပေါင်းများစွာ ကြာလေသော် ဧကဒသစေတီတော် ပျက်စီးယိုယွင်းသွားသဖြင့် ဌာပနာတိုက် ကျောက်တုံးကြီးသာ ကျန်ခဲ့သည်။ ထိုနောက်တွင် သစ်သားဘုရားကျောင်းဆောင်ကြီး ဆောက်လုပ်ကာ ရုပ်ပွားတော်မြတ်ကို ထိုကျောင်းဆောင်ကြီးအတွင်း ကိုးကွယ်ထားကြသည်။ သက္ကရာဇ် ၁၂၈၈ ခုနှစ်၊ သီတင်းကျွတ် လဆုတ် (၁၁)ရက်နေ့ည ၁၁နာရီတွင် ဘုရားမီး ပူဇော်ရာမှ မီးခ,ခြင်း ခံရသဖြင့် ကျောင်းဆောင်ပြာဿ   ဒ်ကြီးများ ပျက်စီးသွားလေသည်။

ထိုနောက် ဝံဿ   နုခေါင်းဆောင်ကြီး ဦးချစ်လှိုင် ကြီးမှူး၍ ကျိုက္ခမီမြို့ရှိ စေတနာရှင် လုပ်သားပြည်သူများ ပူးပေါင်းကာ အုတ်ဂန္ဓကုဋီတိုက်၊ ကျောင်းပြာဿ   ဒ်ကြီးများကို အသစ်တစ်ဖန် ဆောက်လုပ်လှူဒါန်းခဲ့ကြသည်။

မျက်မှောက်ခေတ်ဂန္ဓကုဋီတိုက်ကြီးနှင့် ရုပ်ပွားတော်
၁၂၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက် ည ၁၁နာရီတွင် ဘုရားကျောင်းတေ်ာကြီးကို ဆီမီးထွန်းညှိရာမှ မီးခ,ခြင်း ခံခဲ့ရပြီးနောက် ဝံဿ   နုခေါင်းဆောင်ကြီး ဦးချစ်လှိုင်နှင့် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကြာလှိုင်တို့ ဦးစီးပြီး အသစ်ပြန်လည် တည်ဆောက်ထားသော ဘုရားကျောင်းတော်ကြီးဖြစ်သည်။ မူလ ကျောက်ဆောင်ပေါ်၌ ရုပ်ပွားတော်မြတ်တို့ကို ဌာပနာ၍ ကျောက်အုတ်များဖြင့် အသစ်ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်လေသည်။ မြေပြင်မှ ပေ(၂၀)ကျော် မြင့်သော ကြမ်းပြင်ပေါ်တွင် မူလရုပ်ပွားတော် ကိုယ်စားတော်တစ်ဆူကို နဂါးပါးပျဉ်းမိုး၍ တည်ထားပြီး နံဘေးပတ်လည်တွင် ရုပ်ပွားတော် ကြီးငယ် အဆူ(၂၀)ဝန်းရံထုလုပ်ထားသည်။ တိုင်ကြီးလေးတိုင် အလယ်ရှိ ပလ္လင်ကြီးထိပ်၌ ကိုယ်စားတော် ရုပ်ပွားတော် အဆူ(၂၀) ဝန်းရံထားသည်။ တိုင်ကြီးလေးတိုင် အရင်း၌ လေးဆူ(သစ္စာလေးပါး)၊ အလယ်ပလ္လင်ကြီးအောက်ခြေ ပတ်လည်တွင် ရုပ်ပွားတော်ရှစ်ဆူကို မဂ်ဂင်ရှစ်ပါး၊ (နဂါးပါးပျဉ်းအောက်ရှိ ရုပ်ပွားတော်တစ်ဆူအပါအဝင်) ၉-ဆူကို ဂုဏ်တော်ကိုးပါးပေါင်း(၂၁)ဆူ ရှိလေသည်။

ကျောင်းတော်ကြီး အရှေ့တောင်ထောင့် အတွင်းရှိ နံရံဘေးတွင် ဉာဏ်တော်(၇)ပေရှိ ရုပ်ပွားတော်ကြီးတစ်ဆူ ရှိလေသည်။ ယင်းကို လွန်ခဲ့သော နှစ်ပေါင်း(၅၀)ကျော်မှ ဘုရားဒကာကြီး ဦးရွှေသောင်က ဆောက်လုပ်လှူဒါန်းထားကြောင်း သိရသည်။ဂန္ဓဋီတိုက်တော်ကြီးမှာ အုတ်၊ အင်္ဂတေများဖြင့် အခိုင်အခံ့ တည်ဆောက်ထားပြီး အတွင်းနံရံအပြည့် မှန်စီရွှေချထားလျက်ရှိပြီး အတွင်းတိုင်ကြီး (၇)လုံးကိုလည်း ရွှေပိန်းအပြည့်
ချထားပါသည်။

တိုင်(၇)လုံး၏ ဒကာများမှာ ပလ္လင်တော်၏ ပတ်လည်ရှိ အရှေ့တောင်ဘက်တိုင်၏ ဒါယကာမှာ တံခွန်တိုင် သူကြီးအသင်းစု ဖြစ်သည်။

အနောက်တောင်တိုင်၏ ဒါယကာမှာ ဦးမောင်မောင်-ဒေါ်ဒွေးဖြူတို့ဖြစ်သည်။ အရှေ့မြောက်တိုင်၏ ဒါယကာမှာ ကျိုက္ခမီမြို့နေ ဦးကြာရိုး-ဒေါ်သဲမေတို့ ဖြစ်သည်။

ပလ္လင်တော်၏ အပြင်ဘက်ရှိ အရှေ့ဘက်တိုင်ကြီး၏ ဒါယကာမှာ ကျိုက္ခမီမြို့နေ ဦးငွေခိုင်-ဒေါ်သန်းနှစ် မိသားစုဖြစ်သည်။ အရှေ့မြောက်ဘက်တိုင်ကြီး၏ ဒါယကာမှာ ကျိုက္ခမီ

ဒီစတြိတ်၊ ညောင်ဝိုင်းရွာနေ ဒေါ်ကြင်ဥနှင့် သားသမီးများဖြစ်သည်။ မြောက်တိုင် ဒါယကာမှာ ကျိုက္ခမီ ဒီစတြိတ် ညောင်ဝိုင်းရွာနေ ဦးမောင်ကလေး-ဒေါ်ပိုးဥ သားသမီးများ ဖြစ်သည်။

ဂန္ဓကုဋီတိုက်ကြီးနှင့်ဆက်၍ အနောက်ဘက်တွင် ဘုရားဖူး ဥပုသ်သည်များ ညဉ်အိပ်ညဉ့်နေ ဘုရားဝတ်ပြုနိုင်ရန် အဆောင်သစ်ကို ၁၉၆၀ ခုနှစ်၌ ဆောက်လုပ်ပြီး မြောက်ဘက်တွင် ဆက်၍ မီးဖိုဆောင်နှင့် မီးစက်ဆောင်တို့ ရှိသည်။ ဂန္ဓကုဋီတိုက်ကြီး၏ အမိုးမှာ သွပ်ဖြစ်ပြီး ဘုံတော်အဆင့်ဆင့်ဖြင့် အဆန်းတကြယ် ဆောက်လုပ်ထားပြီး အချင်း(၇)ပေ၊ အမြင့်(၂၆)ပေခွဲရှိသော ထီးတော်ကြီးကို တင်လှူဆက်ကပ်ခဲ့ကြသည်။ ၎င်းထီးတော်ရှိ မူလငှက်မြတ်နားတော်ကို မသမာသူတို့က ခိုးယူသွားသဖြင့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ၁၉၇၂ ခုနှစ်၌ အသစ်တစ်ဖန် ပြန်လည်ပြုလုပ်ပြီး စိန်(၆)လုံး၊ မြ(၁)လုံး ပတ္တမြား (၂၁၇)လုံး၊ နီလာ(၂၀၆)လုံး၊ ကျောက်မျိုးစုံ(၆၅၇၅)လုံးကို စိန်ဖူးတော်တွင် ထည့်သွင်းဌာပနာထားတော်မူခဲ့လေသည်။

အထက်ဖော်ပြပါ ထီးတော်ကြီးသည် နှစ်ပေါင်းများစွာကြာမြင့်ပြီးဖြစ်သောကြောင့် ကောဇာ၁၃၅၄ခုနှစ်၊ တပို့တွဲလဆန်း(၈)ရက်၊ ခရစ် ၁၉၉၃ခုနှစ်၊ ဇန်နဝါရီ(၁၀)ရက် စနေနေ့ မွန်းလွဲ ၂နာရီ ၂၆မိနစ် ၂၆စက္ကန့်တွင် အထက်တော်မှအောက်သို့ ပင်ဆောင်၍ ရေလယ်ဆံတော်ရှင် ဂန္ဓကုဋီတိုက်အနီး သီးခြားအဆောင် ဆောက်လုပ်၍ အပူဇော်ခံထားပါသည်။

*စစ်ကဲတော်မင်း မောင်နော် ရေးသားစီရင်သော "မွန်ရာဇဝင်နှင့် စေတီတော် သမိုင်းပေါင်းချုပ်" စာအုပ်တွင် မြတ်စွာဘုရားသည် သက္ကရာဇ် ၁၁၁ ခုနှစ်၌ သုဝဏ္ဏဘုမ္မိသို့ ကြွရောက်တော်မူစဉ် ကျိုက္ခမီတောင်၌ နေသော ရသေ့သည် သုဝဏ္ဏဘုမ္မိသို့ရောက်ပြီး မြတ်စွာဘုရားအား လာရောက်ဖူးမြော်ရာ မြတ်စွာဘုရားသည် ကျိုက္ခမီတောင် ရသေ့အား ဆံတော်တစ်ဆူကို ပေးသနားတော်မူသည်။ ရသေ့သည် ကျိုက္ခမီတောင်သို့ ဆံတော် ယူဆောင်လာပြီး ယင်းကျိုက္ခမီတောင်၌ပင် (ယခု ကျိုက္ခမီ အရှေ့ဘက်ရှိ တောင်ဝိုင်းတောင်(ဝါ) ဆင်တောင်တစ်နေရာတွင် ဖြစ်ဟန်ရှိသည်) တပည့် ဒါယကာများနှင့် တိုင်ပင်၍ စေတီတော်တစ်ဆူ၌ ဌာပနာပြီး တည်ထားကိုးကွယ်ခဲ့ကြောင်း ပြဆိုသည်။ ဘုရားစေတီ၏ ဘွဲ့တော်မှာ မွန်ဘာသာဖြင့် (ကျာဟမီ) ခေါ်ပြီး မြန်မာလို မျှော်ကြည့်ဘုရားဖြစ်သည်ဟု ဆိုသည်။*


*၁။ မျှော်ကြည့်ဘုရားဟု ခေါ်ဆိုရခြင်းမှာ မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မိသို့ မကြွရောက်မီ ကျိုက္ခမီတောင်သို့ ဦးစွာရောက်ရှိခဲ့ပြီး ကျိုက္ခမီတောင်နေ အစိရဂဟ ရသေ့အား ဆံတော်တစ်ဆူပေးသနားမည့်အကြောင်း ဗျာဒိတ်ပေးသွားရာ ရသေ့လည်း မြတ်စွာဘုရား၏ ဆံတော်ကို ရနိုးရနိုးဖြင့် စောင့်မျှော်လျက်ရှိလေသည်။ မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မိသို့ ရောက်တော်မူကာလ ကျိုက္ခမီရသေ့သည် မြတ်စွာဘုရားအား သွားရောက်ဖူးမြော် ကန်တော့သောအခါမှ ဆံတော်ကို ပေးသနားခြင်း ခံရသည်ဟု မွန်သမိုင်းဟောင်းများက ဆိုသည်။ ထို့ကြောင့် ယင်းစေတီကို မျှော်လင့်ဘုရားဟု ခေါ်ဆိုကြဟန် ရှိလေသည်။

# ထားဝယ်မြို့တွင် ကိန်းဝပ်စံပယ်တော်မူနေသော ၎င်း၏နောင်တော် ရုပ်ပွားတော်ကို မျှော်လျက် စံတော်မူခြင်း ဖြစ်သည်ဟုလည်း ဆိုကြသည်။

# မြန်မာ့စွယ်စုံကျမ်း အတွဲ(၂) စာမျက်နှာ (၇၂)တွင် မီးခ,ခြင်းခံရသည့်နှစ်မှာ ၁၂၈၇ ခုနှစ် ဖြစ်သည်ဟု ဖော်ပြထားသည်။

ထီးတော်သစ်တင် ဆက်ကပ်လှူပွဲ



သာသနာ ၂၅၃၆၊ ကောဇာ၁၃၅၄ခုနှစ်၊ တပေါင်းလဆန်း(၁၃)ရက်၊ သောကြာနေ့၊ မြန်မာနာရီ နံနက်(၄)ချက်တီး ၇နာရီ၊ ဝ-ပါဒ်၊ ၅-ဗီဇနာ၊ စက်နာရီ နံနက်(၈)နာရီ (၅၀)မိနစ်၊ လက်စီးနက္ခတ်၊ အာသာဝတီ၊ လက်စီးနဝင်း၊ ပြိဿ   နဝင်း၊ စန်းစီးနက္ခတ်၊ ဖုသျှနက္ခတ်၊ စန်းစီးနဝင်း၊ သိံိံနဝင်းနှင့်ယှဉ်၍ ထီးတော်ကြီး ပထမဘုံဆင့်၊ ဒုတိယဘုံဆင့်၊ တတိယဘုံဆင့် ဆက်ကပ်၍ တပေါင်းလဆန်း (၁၄)ရက်နေ့တွင် ထီးတော်ကြီး စတုတ္ထဘုံဆင့်၊ ပဉ္စမဘုံဆင့်၊ ဆဋ္ဌမဘုံဆင့် ဆက်ကပ်ပြီး တပေါင်းလပြည့်နေ့၊ တနင်္ဂနွေနေ့ နံနက်(၁၀)နာရီ (၁၂)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် ကျန်ထီးတော် ဘုံဆင့်များနှင့်တကွ ငှက်မြတ်နားတော်၊ စိန်ဖူးတော်ကြီးပါ အပြီးသတ် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။

ငှက်မြတ်နားတော်ကြီးမှာ အလျား ၂-ပေ၊ ၄-လက်မ။ အနံဗျက်အကျယ် ၁၁-လက်မ၊ အလယ်ပြောင်းရိုး အမြင့် ၁၄-ပေခွဲရှိပြီး (၆၉)ရတီနှင့် (၆၇)ရတီရှိသော ပတ္တမြားလုံးချောကြီး(၂)လုံးအပါအဝင် ကျောက်မျက်ရတနာမျိုးစုံ (၇၈၇)လုံး မွမ်းမံ ခြယ်လှယ်ထားသည်။
စိန်ဖူးတော်ကြီး၏ လုံးပတ်တော်မှာ ၁၈-လက်မ၊ စိန်ဖူးတော်၏ ကြာပတ်ခံမှာ ၉-လက်မခွဲ၊ စိန်ဖူးတော် အရိုးခံအမြင့် ၁၇-လက်မခွဲရှိပြီး ငှက်ပျောဖူးသဏ္ဍာန် (၄၃၂)ရတီ စိန်တစ်လုံး အပါအဝင် ကျောက်မျိုးစုံ မွမ်းမံခြယ်လှယ်ထား၍ စိန်ဖူးတော်ထဲတွင် နဝရတ်ကျောက် အခြား အဖိုးတန် ကျောက်မျက်ရတနာများ မြောက်မြားစွာ ထည့်သွင်း ဌာပနာထားသည်။ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့၏ ရွှေအလေးချိန်ပေါင်းမှာ ၁၅၅ ကျပ်၊ ရှစ်ပဲ၊ ၁ ရွှေး ရှိပါသည်။

ကျိုက္ခမီရေလယ်ဘုရားကြီး၏ ဂန္ဓကုဋီတိုက်ကြီးပေါ်သို့ အမျိုးသမီး မိန်းမများ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို တားမြစ်ရခြင်းအကြောင်းများ
၁။ သုံးလူ့ထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် သက္ကရာဇ် (၁၁၁)ခုနှစ်တွင် ရာမညဒေသ သုဝဏ္ဏဘုမ္မိသို့ ကြွရောက်တော်မူရာတွင် ယခု ကျိုက္ခမီရေဘယ်ဘုရားကျောင်းတော်ကြီးတည်ထားရာ ကျောက်ဆောင်ဘက်၌ ကိုယ်တော်ကိုယ်တိုင် ကြွရောက်ပြီး ခေတ္တမျှ နေ့သန့်စင်လျက် သီတင်းသုံးတော်မူခဲ့သဖြင့် ထူးခြားမြင့်မြတ်သော နေရာတော်ဖြစ်ခြင်း။

၂။ ထိုသို့ နေတော်မူစဉ် မြတ်စွာဘုရားသည် ကြင်မှိုင်းမြို့မင်းသား နှစ်ကျိပ်နှင့် ကပ္ပိန္နရသေ့တို့အား ဆံတော် (၁၁)ဆူစီကို ပေးသနားတော်မူခဲ့ရာ ယခု ဘုရားကျောင်းတော်ကြီးတည်ရာ ကျောက်ဆောင်ကြီးထဲတွင် ကောင်းမွန်စွာ ထည့်သွင်း ဌာပနာ၍ ဉာဏ်တော် (၁၈)တောင်၊ ဖိနပ်တော် (၁၅)တောင် ရှိသော (ဧကာဒသ) နာမတော်ရှိ စေတီတော် တစ်ဆူကို တည်ထားကိုးကွယ်ခဲ့ကြသော နေရာဖြစ်ခြင်း။

၃။ သက္ကရာဇ် (၂၃၇)ခုတွင် သီဟိုဠ်ကျွန်းမှ ဒေဝါနံ ပိယတိဿ   မင်းနှင့် ဥပတိဿ   ရဟန္တာအရှင်မြတ်တို့သည် သိကြာမင်း ဖန်ဆင်း ဆက်သအပ်သော မြတ်စွာဘုရား၏ ဓာတ်တော် နှစ်ဆူစီပါသော စန္ဒကူးသား ရုပ်ပွားတော် (၄)ဆူကို မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်များ ကိန်းဝပ်စံပယ်ရာ အရပ်ဌာနတို့၌ တည်ပါစေသတည်းဟု အဓိဋ္ဌာန်ပြု၍ ရေဇလာကြောတွင် မျောလိုက်ရာ တစ်ဆူမှာ ယခု ရေလယ်ဘုရာကြီး၏အနီး ရောက်လာပြီး ၎င်း ရုပ်ပွားတော်ကို ပင့်ဆောင်ကာ ဧကာဒသစေတီတော်ရှိတောင်ဘက်မုဒ်ဝတွင် ကြွမြန်းစံပယ်တော်မူခဲ့ခြင်း။

၄။ဧကာဒသစေတီတော်နှင့် စန္ဒကူး ရုပ်ပွားတော်တို့သည် နှစ်ပရိစ္ဆေဒ ကြာညောင်းလာသောအခါ နေလရာသီဥတုဒဏ်တို့ကြောင့် မမြဲသော သဘောအရ တစ်စတစ်စ ပျက်စီးခဲ့ရာ မြတ်စွာဘုရား၏ ဆံတော်ဓာတ်တော် ကိန်းဝပ်ရာ ကျောက်ဆောင်ကြီးငုံ၍ နောင်လာနောက်သားတို့ ဂန္ဓကုဋီတိုက်တော်ကြီး၊ ထိုမှ အုတ်ဂန္ဓကုဋီတိုက်တော်ကြီးတို့ကို တည်ထားဆောက်လုပ်ခဲ့ရာ ယင်း ဂန္ဓကုဋီတိုက်တော်ကြီးသည် ဓာတ်တော် မွေတော်များ ကိန်းအောင်းရာ စေတီတော်ကြီးသဖွယ် ဖြစ်တော်မူခြင်း။

၅။ ဤလောကတွင် စေတီတည်၍ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်သည် လေးမျိုးရှိ၏။ (၁) ဗုဒ္ဓမြတ်စွာ (၂) ပစ္စေကဗုဒ္ဓါ၊ (၃) အရိယာ ဖြစ်ပြီးသော မြတ်စွာဘုရား၏ ရဟန်းတော်သာဝက၊ (၄) စကြာမင်းတို့ဖြစ်၏ ဗုဒ္ဓမြတ်စွာသည် ပင်ကိုယ်ကပင် လူနတ် ဗြဟ္မာ သတ္တဝါများ၏ လေးစားရိုသေ ကိုးကွယ်ရာဖြစ်၍  စေတီတော်ကို ဖူးမြင်ရသောအခါ ကြည်ညိုစိတ်ဖြင့် ရိုသေမြတ်နိုး ရှိခိုးပူဇော်ကြသူများတို့သည် သေလွန်သောအခါ နတ်ပြည်သို့ ရောက်နိုင်၏ဟု မြတ်စွာဘုရားသည် သုတ်မဟာဝဂ္ဂ မဟာပရိနိဗ္ဗာနသုတ်တွင် ဟောတော်မူသည်။ ယခု ဂန္ဓကုဋီတိုက်ကြီးအား ကျောက်ဆောင်၌ ဌာပနာတိုက်အတွင်း သီတင်းသုံး စံပယ်တော်မူနေသော ဆံတော်ဓာတ်တော်များကို ရိုသေမြတ်နိုးစွာ ပူဇော် ကန်တော့နိုင်ကြမှသာ နတ်ရွာလားကြောင်း ကောင်းမြတ်သော ကုသိုလ်တရား ပွားများနိုင်ကြမည်ဖြစ်သည်။ အကယ်၍ ဘုရားဆုပန် မင်းယောကျ်ားများ မဟုတ်သော အမျိုးသမီး (မိန်းမများက ဂန္ဓကုဋီတိုက်ကြီးပေါ်တက်ရောက်ပူဇော်ကန်တော့ခြင်း ပြုပါလျှင် အောက်ကျောက်ဆောင်ထဲရှိ သဗ္ဗညုမြတ်စွာဘုရား၏ ဆံတော်ဓာတ်တော်များကို မရိုသေ မလေးစားရာ ရောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီး(မိန်းမ)များအဖို့ အပါယ်လားကြောင်း ဒုစရိုက်များ မကျူးလွန်မိစေရန် ကောင်းမြတ်သော စေတနာဖြင့် ဂန္ဓကုဋီတိုက်ကြီးပေါ်သို့ မတက်မိရန် တားမြစ့်ရခြင်း။

၆။ ဤ ဂန္ဓကုဋီတိုက်ကြီးပေါ်သို့ အမျိုးသမိး(မိန်းမ) များသည် သိ၍ သော်လည်းကောင်း တက်မိပါက ဓာတ်တော် မွေတော်များကို စောင့်ရှောက်နေကြသည့် သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်များက လူအများ အသိတရား ရစေရန် အလို့ငှာ အခါမဟုတ် မိုးကြီးလေကြီးများကျရောက်စေခြင်း၊ တက်ရောက်သူများအား ဘေးဥပါဒ်အန္တရာယ် အမျိုးမျိုးနှင့် ကြုံတွေ့စေခြင်းများကို ဘုရားဖူးများက မျက်ဝါးထင်ထင် တွေ့မြင်နေရခြင်း။
အထက်ဖော်ပြပါ အကြောင်းများကြောင့် ဂန္ဓကုဋီတိုက်ကြီးပေါ်သို့ အမျိုးသမီးများ တက်ရောက်ခြင်းမပြုရန် ဂေါပကအဖွဲ့မှ တားမြစ်ထားရခြင်းဖြစ်ကြောင်း သတိပေး နှိုးဆော်ထားခြင်း ဖြစ်ပါသည်။

Ref:"ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီးသမိုင်းစာအုပ်မှ
ကျောင်းဆရာမ မသန့်ဇင်ဦး(ကျိုက္ခမီမြို့သူ)အကူအညီဖြင့် စာပြန်ရိုက်ဖော်ပြခြင်း ဖြစ်ပါသည်။


၁။ တိဿရာဇာမင်းနှင့်သီရိအပ္ပါဖိဖုရားကြီးမှ တိဿရာဇကုမာရ၊ သီဟကုမာရဟူ၍ အမည်ပေးလေသည်။
၂။ တောတောင်ပျော်မွေ့ရသေ့ရဟန်းပြုရန် ခမည်းတော် မယ်တော်တိုထံခွင့်ပန်ခဲ့ကြသည်။
၃။ နောင်တော်ရသေ့မှာ ဇင်းကျိုက်တောင်မှာနေ၍ ညီတော်ရသေ့မှာ ဇွဲကပင်တောင်မှာနေစေ၍ အကြောင်းရှိကမီးဖြင့် အချက်ပြန်ရန်ညွှန်ပြသည်။
၄။ လူသဏ္ဍာန်လှပတင့်တယ်စွာ ဖန်ဆင်းလာသော နင်္ဂါးမနှင့် ဝိဇဓိုရ်လုလင်တို့မေတ္တာသွယ်သန္ဓေတည်၍ ဥနှစ်လုံးဥချခဲ့သည်။
၅။ ရသေ့ညီနောင်နှစ်ပါး ဥတစ်လုံးစီခွဲဝေ၍ ယူခဲ့ကြလေသည်။
၆။ ညီတော်ရသေ့မှ ပြုစုကျွေးမွေးခဲ့သော သားငယ်၁၀နှစ်အရွယ်တွင် ကျောက်ရောဂါဖြင့် သေဆုံးခဲ့လေသည်။
၇။ တိဿမင်းကြီးနတ်ရွာစံ၍ နောင်တောင်ရြသေ့အား တိုင်းပြည်အုပ်ချုပ်ပါရန် မူးမတ်များလျှောက်တင်ခဲ့ကြသည်။
၈။ ရသေ့ညီနောင်နှစ်ပါးက ကိတ္တိမသားအား ထီးနန်းအပ်နှင်း၍ တိဿဓမ္မဟရာဇာဟု ဘွဲ့အမည်နာမခပ်နှိပ်တော်မူသည်။
၉။ ဂဝံပတိရဟန္တာကတိဿဓမ္မဟရာဇာမင်းအား ရှေးဘဝကညီအကိုတော်စပ်ခဲ့ဖူးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
၁၀။ ဂဝံပတိရဟန္တာက ဘုရားရှင်အား သုဝဏ္ဏဘုမ္မိသို့ ကြွှရောက်တော်မူရန် လျှောက်ထားလေသည်။
၁၁။ သုဝဏ္ဏဘုမ္မိသို့ ဘုရားရှင်ကြွတော်မူစဉ် ကြင်းမိုင်းမင်း၏သားတော်ကြီးအား ဆံတော်တစ်ဆူပေးခဲ့လေသည်။
၁၂။ ကပ္ပိန္ဓရသေ့နှင့် ကြင်းမိုင်းမင်းသားတစ်ကျိပ်တို့အား ဘုရားရှင်မှ ဆံတော်တစ်ဆူစီပေးခဲ့လေသည်။
၁၃။ ဘုရားရှင်သည် နောင်အခါဤနေသည် သာသနာထွန်းကားရန်အတွက် ကျောက်ဆောင်အထက်တွင် နေသန့်တော်မူခဲ့သည်။
၁၄။ ကပ္ပိန္ဓရသေ့နှင့်မင်းသားများသည် ဆံတော် ၁၁ ဆူကိုဌာပနာ၍ကျောက်ဆောင်အထက်တွင် ဧကဒသဟုဘွဲ့တံဆိပ်ခပ်နှိပ်၍ စေတီတည်ထားခဲ့ကြသည်။
၁၅။ မင်းကြီးသည် ဥပတိဿမထေရ်အား ရုပ်ပွားတော် ၄ ဆူ ထုလုပ်ပေးပါရန် လျှောက်ထားတောင်းပန်သည်။
၁၆။ သိကြားမင်းသည် မင်းကြီး၏အလိုကိုသိရှိ၍ ရုပ်ပွားတော် ၄ ဆူကိုဖန်ဆင်းပြီး ရာဇပုလ္လင်ပေါ်တင်ထားတော်မူသည်။
၁၇။ မင်းကြီးသည် ရုပ်ပွားတော် ၄ ဆူကို ပုလ္လင်အထက်၌ ဖူးမြင်ရ၍ ပီတိဖြစ်ပြီး ၁၅ ရက်ပတ်လုံး အလှူကြီးပေး၍ ပူဇော်လေသည်။
၁၈။ ဥပတိဿမထေရ်မြတ်နှင့် ဒေဝါနဝီယတိဿမင်းကြီးတို့သည် ဇမ္ဓူကောလသင်္ဘောဆိပ်မှ ရုပ်ပွားတော်မြတ်ကိန်းဝပ်ရာသို့ အဓိဌာန်ပြု၍ မျှောလိုက်လေသည်။
၁၉။ သီဟိုဠ်ကျွန်းမှ မျှောလိုက်သော ဘုရားလေးဆူရောက်ရှိသောမြို့များ
(၁) ကျွန်းတုံးဖြင့်ရုပ်ပွားတော်သည် ပုသိမ်သီဟိုဠ်ရှင်ဘုန်းတော်ပြည့်ဘုရား
(၂) ကျောက်လှါည်းဘီးဖြင့်ရုပ်ပွားတော်သည် ကျိုက်ထို ထိုက်ပေါလောမှည့်ရှင်ဘုရား
(၃) သင်္ကန်းတုံးဖြင့် ရုပ်ပွားတော်သည် ကျိုက္ခမီရေလယ်ဘုရား
(၄) သင်္ကန်းတုံးဖြင့် ရုပ်ပွားတော်သည် ထားဝယ်ရှင်မုဋ္ဌီးဘုရား တို့ဖြစ်ကြပါသည်။
၂၀။ သင်္ကန်းတုံးဖြင့် မျှောလာသော ရုပ်ပွားတော်ကို သီလနှင့်ပြည်စုံသော မုဆိုးမတစ်ဦးချည်ပင်နှင့် အဓိဋ္ဌာန်ပြုဆွဲတင်ခဲ့ပြီး ဧကဒသစေတီတောင်ဖက်မုခ်၌ထား၍ ပူဇော်ခဲ့ကြသည်။
၂၁။ ဧကဒသစေတီပျက်၍ ကျောက်ဆောင်ပေါ်တွင် သစ်သားဝတ်ကျောင်းဆောင်လုပ်၍ ပူဇော်ခဲ့ရာမှ ၁၂၈၈ တွင် မီးခလေသည်။
၂၂။ သစ်သားဝတ်ကျောင်းဆောင်ကြီးပျက်ပြီးမှ ဂန္ဓကုဋိတိုက်ကြီး ယခုလိုဆောက်လုပ်၍ ပူဇော်ခဲ့လေသည်။

စာပြန်ရိုက်ဖော်ပြသူ - By Blog's Administrator

စာအုပ်ကို ဒေါင်းလော့ယူရန် ကျိုက္ခမီမြို့ ရေလယ်ဘုရားကြီးသမိုင်း
ဖုန်းမှာ .pdf စာအုပ်ကို ဖတ်လို့မရရင် Play store မှာ Adobe reader ကို ရှာပြီး Install လုပ်လိုက်ပါနော်

ပြီးရင် စောစောက ဆွဲထားတဲ့ စာအုပ်ကို ဖွင့်ဖတ်လို့ ရပါပြီး

အဆင်ပြေကြပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Ads go here

Comments

မွန်ပြည်နယ် ကျိုက္ခမီမြို့မှ နွေးထွေးစွာ ကြိုဆိုပါ၏

Archive

Labels

ဝါဆို ၀ါခေါင် apk COVID-19 ရောဂါအကြောင်း ကဆုန္လ ကြယ္လြန္သူ ကုဋေကြွယ်ဧည့်ဂေဟာ ကျန်းမာရေး ကျိုက္ခမီပွဲတော်များ ကျိုက္ခမီမြို့ ကျိုက္ခမီမြို့သတင်း ကျိုက္ခမီရှုခင်းသာ စာသင်ကျောင်း စားသောက်ဆိုင် ဈေးဆိုင် စီးပွားရေး စုပေါင်းအလှူ ဆိုက်ကားဂိတ် တည်းခိုခန်း တန်ခူးလ တန်ဆောင်မုန်းလ တပို့တွဲလ တရား တပေါင်းလ ဓမ္မစကူလ်းသင်တန်း နတ်တော်လ နယုန်လ ပညာရေး ပြည်သူ့ဆေးရုံး ကျိုက္ခမီမြို့ ဖုန်းနံပါတ် ကြက်ခြေနီ ဗုဒ္ဓဘာသာလုပ်ရှားမှု ဘိုးဘွားများ မန်းရတနာနာရေး မန်းရတနာအသင်း မိုးလေ၀သ ပြာသိုလ ဖြူစင်နှလုံးသား ရုပ်ပွားတော်၎ဆူ လစဉ်စာရင်းရှင်းတမ်း လစဉ်ရှင်းတမ်း လများ လုပ်ငန်းစဉ်(၁) လုပ်ငန်းစဉ်(၂) လုပ်ငန်းစဉ်(၃) လုပ်ရှားမှုသတင်း သီတင်းကျွတ်လ သုဿ န်ရေရည် အမတဒါနအဖွဲ့ အသင်း အသင်း၏ရည်ရွယ်ချက် အသင်းဓါတ်ပုံ အားကစား အာဇာနည်နေ့ အရေးပေါ် ဂေါပကအဖွဲ့ တော်သလင်းလ ဒေသဖွံ့ဖြိုးရေး

Contact Form

Send